ဦးဥတ္တမနေ့ စစ်တွေတွင် လုံခြုံရေးတင်းကျပ်

>> Tuesday, September 22, 2009

Thursday, 10 September 2009 16:07 ဘစောတင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့က ကျရောက်သော လွတ်လပ်ရေး တိုက်ပွဲဝင် သံဃာတော် တပါးဖြစ်သည့် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် ကျင်းပခွင့်မ ရကြောင်းနှင့် စစ်အာဏာပိုင်များက လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။

ယမန်နေ့က ရခိုင်တိုင်းရင်းသား ဆရာတော်ဦးဥတ္တမ ပျံလွန်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်နေ့ကို စစ်တွေမြို့ တွင် အာဏာပိုင်များက ကျင်းပခွင့် မပေးသောကြောင့် ဘုန်းကြီးကျောင်း တကျောင်း၌ တိတ်တဆိတ် ကျင်းပ ရသည်ဟု စစ်တွေမြို့ရှိ လူငယ်တဦးက ဧရာဝတီသို့ ပြောသည်၊

“ကျနော်တို့ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်း တကျောင်းမှာ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို လျှို့ ဝှက်စွာ လုပ်ခဲ့ကြတယ်၊ သူတို့မြင်ရင်တော့ ဆွမ်းကပ်တယ်ပေါ့၊ အမြင်ကတော့ ရိုးရိုးဘာသာရေးပွဲပါပဲ၊ ဒါပေမယ့် ကျနော် တို့ ကတော့ သူတို့ခွင့်မပြုတာကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရအောင်လုပ်တယ်၊ ကျနော်တို့ရှေ့က လူတွေလည်း ဒီလိုပဲ နှစ်စဉ်လုပ်ခဲ့ကြတာပဲ”ဟု ၎င်းက ဆိုသည်။

ယမန်နေ့ နံနက်စောစောပိုင်းက စစ်တွေမြို့ပေါ်တွင် ဆရာတော် ဦးဥတ္တမနေ့နှင့်ပတ်သက်သည့် စာများကို ဖြန့် ဝေ ထားသောကြောင့် ယင်းစာများကို ရဲ တပ်ဖွဲ့ဝင်များက လိုက်လံ သိမ်းဆည်းမှုများရှိခဲ့ကြောင်း ဒေသခံ မျက်မြင် တဦးက ပြောသည်။

ထို့အပြင် သံတွဲ၊ ကျောက်ဖြူ ၊ တောင်ကုတ် ၊ မာန်အောင် ၊ ဂွ ၊ ရမ်းဗြဲ ၊ မင်းပြား အစရှိသော မြို့ များတွင် “လွတ်လပ်ရေးမျိုးစေ့ချခဲ့သူ ဆရာတော်ဦးဥတ္တမ” ဟူ၍ အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် စာရေးထားသည့် ဓာတ်ပုံများကို ဖြန့် ဝေခဲ့ကြသည်ဟုလည်း သိရသည်၊

စစ်တွေမြို့ တွင်းရှိ အရေးကြီးနေရာများဖြစ်သော ဦးဥတ္တမပန်းခြံ၊ လောကနန္ဒာ ဘုရား၊ ဦးရဲကျော်သူကျောင်းနှင့် စစ်တွေတက္ကသိုလ် စသောနေရာများတွင် ယမန်နေ့က လုံခြုံရေးကို အထူး တင်းကျပ်ထားကြောင်း စစ်တွေ တက္ကသိုလ်မှ ဆရာတဦးက ပြောသည်၊

“ကျောင်းကဆရာတွေ အားလုံး အသင့်အနေအထားနဲ့ စောင့်ကြရတယ်၊ စာသင်ခန်းတွေ ကျောင်းဂိတ်တွေ ပရ ၀ုဏ်တခုလုံး လုံခြုံရေးချထားတယ်၊ ပါမောက္ခချုပ်ပါ အငြိမ်မနေရဘူး၊ စစ်တွေမှာ ရဲကားတွေ စစ်ကားတွေ က လုံခြုံရေး ကင်းလှည့် နေတယ်”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ နယ်တွင်လည်း ဆရာတော်ဦးဥတ္တမနေ့ကို ယမန်နေ့ကကျင်းပခဲ့ ကြောင်း သိရ သည်။

“ကျနော်တို့ ဆီက လူငယ်တွေဟာ ဆရာတော်ပုံပါတဲ့ တီရှပ်အင်္ကျီတွေကို ၀တ်ပြီး ဆရာတော်နှင့် တကွလွတ် လပ်ရေး တိုက်ပွဲဝင် ခေါင်းဆောင်ကြီးများ ကောင်းရာသုဂတိဘုံရောက်ရှိရေး။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြတယ်”ဟု ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်အောင်သိန်း က ပြောသည်။
ယင်းသို့ ပြည်တွင်း၌ ဆရာတော် ဦးဥတ္တမနေ့ကို လွတ်လပ်စွာ ကျင်းပခွင့်မရသော်လည်း ထိုင်း ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆရာတော် ဦးဥတ္တမသည် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ (၂၇)ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ ရူပရပ်တွင် ဖခင် ဦးမြ နှင့် မိခင် ဒေါ်အောင်ကျော်တို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ် သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေးထူးချွန်ခဲ့ရာ အင်္ဂလန်နိုင်ငံတွင် ပညာသင် ယူခွင့်ရခဲ့သော်လည်း မိခင်ကခွင့်မပြု သဖြင့် မသွားရောက်ခဲ့ရပေ။

ဆရာတော် အသက် ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ ၀တ်ပေးရာမှ ရှင်ဥတ္တမ ဘွဲ့အမည် တွင်ခဲ့ သည်။ အသက် ၁၉နှစ်တွင် ရဟန်းပြုပြီး နောက်ပိုင်း အန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ်နှင့်ပင် သွားရောက်ခဲ့ရင်း နိုင်ငံ ရေးစိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခဲ့ခြင်းဖြစ်သည်။

ဆရာတော် ဦးဥတ္တမသည် ဘာသာစကားပေါင်းများစွာကိုတတ်မြောက်ပြီး အန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီး ယား၊ ကိုးရီယား၊ အီဂျစ်နိုင်ငံများနှင့် ဥရောပတိုက်ရှိ ပြင်သစ်နိုင်ငံများ အပါအဝင် အာရှတိုက်မှနိုင်ငံအများ အပြား တို့ကို ခရီးလှည့်လည်ခဲ့သည်။

ထို့နောက် ၁၉၂၀ ခုနှစ် တွင် ဆရာတော်သည် မြန်မာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန်ကျင်ရေး တရား များကို ဟောပြောခဲ့သည်။

ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်၁၂ လ အပြစ်ပေးခံရသည်။

ဆရာတော်သည် ၁၉၂၄တွင်လည်း“အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့် အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော်ဟောပြောခဲ့သည့်အတွက်ကြောင့် ဒုတိယ အကြိမ် ထောင် ၃နှစ် ကျခဲ့ပြီး ၁၉၂၈တွင် တတိယအကြိမ်အဖမ်းခံခဲ့ရသည်။

ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှထွက်သွား ပါ” ဟူသော စာကိုရေးသားပေးပို့ခဲ့သည်။

ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မှုခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါ ဖြစ်သည်။ ၎င်းသည် ပျံလွန်ချိန်အထိ နယ်ချဲ့အစိုးရကိုဆန့်ကျင်ခဲ့သည်။

ဆရာတော် ဦးဥတ္တမ၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်ကို အတုယူမှုများဖြစ်လာမည်ကို စစ်အာဏာပိုင် များက စိုးရိမ်သည့် အတွက်ကြောင့် ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ဆရာတော်အား မေ့ပျောက်စေရန် အတွက် ရွှေတိဂုံ ဘုရား အနီးရှိ ဦးဥတ္တမပန်းခြံ ကို ကန်တော်မင်ပန်းခြံ အဖြစ်ပြောင်းလဲခေါ်ဆိုစေခြင်း၊ စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဦးဥတ္တမရုပ်တုကိုလည်း မွမ်းမံမှု မရှိခြင်း၊ ဆရာတော်ရုပ်တုကို အရိုအသေပေးမှုများအား တားမြစ်အရေးယူခြင်း များ ရှိသည်ဟုလည်း သိရသည်။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1783:2009-09-10-09-09-35&catid=1:news&Itemid=2

0 comments:

About This Blog

Lorem Ipsum

  © Free Blogger Templates Skyblue by Ourblogtemplates.com 2008

Back to TOP