ဦးဥတ္တမ အမှတ်တရ ဆုတောင်းပွဲများ တောင်ကုတ်တွင် ပြုလုပ်
>> Tuesday, September 22, 2009
ဖိုးဇော်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 09 ရက် 2009 ခုနှစ် 18 နာရီ 22 မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ အာရှတိုက်၏ မီးရှူးတန်ဆောင်အဖြစ် တင်စားခေါ်ဝေါ်ခံရသည့် ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် နှစ် ၇၀ ပြည့် ယနေ့တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် လူငယ်များက ဘုရားသို့ သွားရောက်ကာ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။
တောင်ကုတ်မြို့ ကန်သာယာ (သို့မဟုတ်) စထုံးဖွေးကျေးရွာရှိ စားဝင်ဓာတ်တော်ဘုရားတွင် လူငယ်အများစု ပါဝင်သည့် ဦးရေ ၃၀ ခန့်က ဆရာတော် ဦးဥတ္တမပုံနှင့် အမှတ်တရ စာတမ်းပါရှိသည့် တီရှပ်အင်္ကျီများဖြင့် ယနေ့ နံနက်တွင် ဆုတောင်းခဲ့ခြင်း ဖြစ်သည်။
“ဆရာတော် ဦးဥတ္တမနဲ့ လွတ်လပ်ရေး တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေ ကောင်းရာဘုံဘဝ ရောက်ရှိပါစေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေ အမြန် ပြန်လည် လွတ်မြောက်ပါစေလို့ ဆုတောင်းခဲ့ကြတယ်” ဟု ဆုတောင်းပွဲတွင် ပါဝင်သူ ဦးတင်သိန်းအောင်က မဇ္စျိမကို ပြောသည်။
ရှေ့ဘက်တွင် ဆရာတော်၏ ပုံတော်နှင့် နောက်ကျောတွင် ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ် အမှတ်တရ ဟူသည့် စာတန်းရေးထားသည့် ဆင်တူတီရှပ်အင်္ကျီကို ဝတ်ဆင်ပြီး ဆုတောင်းခဲ့ကြခြင်း ဖြစ်သည်။
''ဆရာတော် ဦးဥတ္တမဆိုတာ သာသနာ့အာဇာနည် ဖြစ်တယ်။ မြန်မာတမျိုးသားလုံး တိုးတက်ဖို့အတွက် ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်။ နောင်တခေတ်မှာ ခေါင်းဆောင်မယ့် လူငယ်တွေကြားထဲမှာ ဒီလိုအသိစိတ်ဓာတ်မျိုး လိုအပ်တယ်။ အဲဒီလို လိုအပ်တဲ့အခြေအနေကြောင့် ကြိုးစားဆောင်ရွက်တယ်လို့ သိရပါတယ်'' ဟု သူက ဆက်ပြောသည်။
တောင်ကုတ်မြို့တွင် ယူနီဖောင်းဝတ်နှင့် အရပ်ဝတ် ရဲများ၊ စစ်သားများသည် စက်ဘီးများ၊ ဆိုင်ကယ်များဖြင့် သွားလာနေသလို၊ ယခုလ ၄ ရက်နေ့မှ စတင်ကာ မြို့ပေါ်တွင် အာဏာပိုင်များ ကင်းပုန်းချထားခဲ့သည်။
၇ ရက်နေ့တွင် မြို့နယ်တွင်းရှိ ရှေးဟောင်းဘုရား အိုးထိန်းစေတီနှင့် လူငယ် ၄၀ ခန့်က နံနက် ၈ နာရီမှ ၉ နာရီအထိ ဆရာတော်အတွက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်ဟု တက်ကြွလှုပ်ရှားသူ လူငယ်များက ပြောသည်။ ၅ ရက်နေ့ကလည်း မြို့နယ်တွင်းရှိ သွေးကျောက်ရွာရှိ ဘုရားကြီးတွင် လူငယ် ၂၀ ခန့်က ထိုကဲ့သို့ ဆုတောင်းပွဲမျိုး ပြုလုပ်ခဲ့ကြသေးသည်။
တောင်ကုတ်မြို့မှ ကိုသိန်းလှိုင်က ''လူငယ် ၂၀ လောက်က တီရှပ်တွေ၊ နဖူးစည်းတွေဝတ်ပြီး၊ တီရှပ်မှာက ဆရာတော်ဦးဥတ္တမရဲ့ အမျိုးအစားမတူတဲ့ပုံ ၃ ပုံကို စတစ်ကာနဲ့ လုပ်ထားပြီး ဝတ်ဆင်တယ်။ ဆရာတော်နဲ့တကွ ကျဆုံးသွားသူတွေ ကောင်းရာဘုံဘဝ ရောက်ပါစေ၊ နောက်ပြီးတော့ ဒေါ်စုအပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ပါစေလို့ ဆုတောင်းခဲ့တယ်'' ဟု မဇ္ဈိမကို ပြောသည်။
ထိုနေ့၌ပင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် ဆရာတော်၏ အထုပ္ပတ္တိနှင့် ဓာတ်ပုံ ၃ မျိုးကို အစောင်ရေ ၃၀၀၀ ကူးယူကာ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ စစ်တွေ၊ မာန်အောင်၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့တွင် ဖြန့်ဝေခဲ့ကြသည်ဟု သူက ဆိုသည်။
မြို့တော်စစ်တွေတွင်မူ ဆုတောင်းပွဲ လုပ်မည့်အကြောင်း ကြိုတင်သတင်းပေါက်ကြားသွားသဖြင့် ယနေ့တွင် လုံခြုံရေးတပ်လှန့်ထားပြီး စစ်တွေရှိ ဘုရားကြီးနှင့် စေတီပုထိုးများတွင် ဆုတောင်းပွဲပြုလုပ်ခွင့် ပိတ်ပင်ထားသည်။
ယနေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် ဘုန်းကြီးဆွမ်းကပ်ခြင်းဖြင့် ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ် အခမ်းအနား ကျင်းပသလို၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်လည်း မြန်မာဒုက္ခသည်များက အခမ်းအနား ပြုလုပ်ခဲ့သည်။
ဆရာတော် ဦးဥတ္တမအကြောင်း တစေ့တစောင်း
ဦးဥတ္တမအလောင်းအလျာကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပရပ်ကွက်၌ အဖ ဦးမြ၊ အမိ ဒေါ်အောင်ကျော်သူတို့မှ မွေးဖွားသန့်စင်ခဲ့သည်။
သက်တော် ၁၆ နှစ်အရွယ်တွင် ရှင်သာမဏေဖြစ်လာခဲ့ပြီး အိန္ဒိယ၊ ပြင်သစ်၊ ဂျပန်သို့ပါ သွားရောက်၍ ပညာဆည်းပူးခဲ့သည်။
ဆရာတော်က အင်္ဂလိပ်ဘုရင်ခံ ဂရက်ဒေါက်ကို မြန်မာပြည်မှထွက်သွားဟူ၍ သတင်းစာမှတဆင့် တောင်းဆိုခဲ့သူ ဖြစ်သည်။
၁၉၂၁ ခုနှစ် မတ်လတွင် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဆူးကလပ်ကျေးရွာတွင် အင်္ဂလိပ်အစိုးရ ဆန့်ကျင်ရေး တရားဟောပြောမှုဖြင့် အဖမ်းခံခဲ့ရကာ မြန်မာနိုင်ငံတွင် နိုင်ငံရေးမှုဖြင့် ပထမဆုံး အပြစ်ပေးခံရသောသူ ဖြစ်သည်။
ဆရာတော်သည် ၁၉၃၉ ခုနှစ်တွင် ပျံလွန်တော်မူခဲ့ရာ ထိုစဉ်ကရှိခဲ့သော ပြည်သူ့လွှတ်တော်က “ဦးဥတ္တမနေ့” အဖြစ် သတ်မှတ်ခဲ့သလို ရန်ကုန်မြို့ ရွှေတိဂုံဘုရား ခြေတော်ရင်း တော်ဘက်မုခ်အနီးရှိ ကန်တော်မင်ပန်းခြံကို “ဦးဥတ္တမ ပန်းခြံ” အဖြစ် သတ်မှတ်ပေးခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/3767-2009-09-09-12-05-45.html
0 comments:
Post a Comment